Sunday, September 2, 2007

နိဒါန်း

ဘုရားသိဖို့လို
ဗုဒ္ဓဘာသာဝင်တို့ရဲ့ တရားဓမ္မဆိုင်ရား အရင်းအကျဆုံး လမ်းညွှန်ဆရာဟာ ဘုရားပဲဖြစ်တယ်။ ဘုရားဟာ လောကအား လွတ်လပ်မှုကို ဖော်ထုတ်ပေးခဲ့တယ်။ လွတ်လပ်မှုကို လိုလားကြတဲ့ ဗုဒ္ဓဘာသာဝင်များဟာ ဘုရားရဲ့ ဖော်ထုတ်ချက်တွေကို ဆည်းကပ်ကြရတယ်။ လွတ်လပ်မှုဖော်ထုတ်ချက်များဟာ ဆည်းကပ်သူများနှင့် အချိန်ကာလ နေရာဒေသနှင့် ဟောပြောသူ လူမျိုးအားဖြင့် အများကြီး ခြားခဲ့ပြီဖြစ်လို့ ဖော်ထုတ်ချက်ကို နားလည်နိုင်ရန် အတော်အတန်အထိ ပြည့်စုံအောင် လေ့လာရဖို့ရှိတယ်။ ဘုရားသက်ရှိထင်ရှားရှိစဉ်က တရားမြင်မှ သူ့ကိုမြင်မယ်လို့ ပြောခဲ့တယ်။ ဘုရား မရှိတာကြာပြီဖြစ်တဲ့ အခုအချိန်မှာ တရားသိဖို့က အခက်ဖြစ်နေခဲ့ပြီ။ တရားကို မှန်းကြည့်ပြီး သိနေခဲ့ရပြီ။ ဒီတော့ ဘုရားကိုလည်း မှန်းကြည့်ပြီးမှပဲ သိနေခဲ့ရပြီ။

ဘုရားပုံမှုန်ဝါးဝါး
ဒါကြောင့် ဘုရားပုံဟာ မှုန်ဝါးပြီး အမှားမှားအယွင်းယွင်း အချွတ်ချွတ် အချော်ချော်တွေ ဖြစ်ခဲ့ရပြီ ဖြစ်တယ်။ ဘုရားက ခေါင်းပေါ်မှာလည်းဆံထုံးကြီးနဲ့။ တချို့ဘုရားကျတော့ ဥသျှောင်တွေ၊ စလွယ်တွေ၊ လက်ကျပ်တွေ၊ ခါးစီးတွေ ၀တ်ထားလို့။ ဘုရားကိုယ်က ရောင်ခြည်တန်းတွေလည်း တ၀င်းဝင်း တလျှပ်လျှပ် ထွက်နေတယ်။ မြေလျှိုးမိုးပျံတွေလည်း ဘုရားကလုပ်လို့ရနေတယ်။ ဘုရား အရပ်အမောင်းကလည်း ဆယ့်ရှစ်တောင် ရှိတဲ့အထိဖြစ်တယ်။ ဘုရားဟာ တန်ခိုးမပြရဘူးဆိုတဲ့ သူချမှတ်တဲ့ စည်းကမ်းကို သူမလိုက်နာဘဲ တန်ခိုးပြပြီး နတ်ပြည်လည်းတက်အဘိဓမ္မာလည်း ဟောခဲ့တဲ့အထိ ရှိနေပြီ။ ဘုရားဟာ သတ္တ၀ါတွေကို ချွတ်လွှတ်ဖို့ရန် ခွေးတွေ၊၀က်တွေ၊နွားတွေလည်း ဖြစ်ခဲ့ဖူးတယ်။ သူတောင်းစား၊ အလုပ်သမား၊ မင်း၊ အမတ်တွေအဖြစ် တပြောင်းတပြန် ပြုလုပ်နေသူ ဖြစ်တယ်။ ဒီလို အစစတွေ ပေါင်းလိုက်ရင် ဘုရားဟာ သူသိဖူးတာနဲ့ ဆက်စပ်မရရင် ဘာသိလို့ ရမှာလဲ။

တရားမှုန်လို့ဘုရားမှုန်
ဘုရားဆီမှာ လူ့အသိနဲ့ ဆက်စပ်မရတာတွေ ရှိနေတယ်လို့ သိကြတာဟာ လူတွေတရားမှာ မှုန်ဝါးရာက ဖြစ်လာတဲ့ မှုန်ဝါးတဲ့ ဘုရားပုံတွေပဲဖြစ်တယ်။ ဒီနေ့တော့ ဒီပုံတွေက လူတွေကို လွှမ်းမိုးနေကြပြီ။ မှုန်ဝါးဝါး ဘုရားပုံတွေဟာ တရားလေ့လာသူတွေကို တရားအမှန်သိဖို့ရာ အနှောင့်အယှက်တွေ ဖြစ်စေလိမ့်မယ်။ မှုန်ဝါးဝါး ဘုရားရဲ့ ဟောကြားချက်ဟာ မှုန်ဝါးဝါးတရားပဲဖြစ်နေမှာပဲ။ မှုန်ဝါးဝါးတရားက လူတွေကို လွတ်လပ်ရာဆီ ဘယ်လိုသယ်မှာလဲ။

တရားပြောဖို့ဘုရားမှန်လို
ဒါကြောင့်လူတွေလွတ်လပ်ဖို့အတွက် တရားကိုပြောရမှာ ဖြစ်ပေမယ့် မှုန်မှုန်ဝါးဝါး တရားပြောလို့မဖြစ်ဘူး။ မှုန်မှုန်ဝါးဝါး တရားမပြောရင် လူတွေသိနေကြတဲ့ မှုန်ဝါးဝါးဘုရားက ကန့်ကွက်လိမ့်မယ်။ ဒါကြောင့် ဘုရားမပြောခင် မှုန်မှုန်ဝါးဝါး မဟုတ်တဲ့ဘုရားကို လက်ဦး ပြောရမှာဖြစ်တယ်။

ဘုရားဆိုတဲ့ဝေါဟာရ
ဘုရားအကြောင်းပြောတဲ့အခါမှာ ဘုရားဆိုတဲ့ အခေါ်ကစပြီး ပြောရမယ်။ ဘုရားကို ဘုရားလို့ခေါ်တာဟာ မြန်မာတွေက ခေါ်တာပဲ။ ကျန်တဲ့ ဗုဒ္ဓဘာသာတွေက ဘုရားကို ဘုရားလို့ ဘယ်သူကမှ မခေါ်ကြဘူး။ ပါဠိအဘိဓာန်မှာ လာတဲ့ ဘုရားရဲ့ ပရိယာယ်တွေထဲမှာ ဘုရားဆိုတာ မပါပါဘူး။ ဗမာတွေဟာ ရှေးအခါက ဘုရင်တွေကို ဘုရားလို့ ခေါ်ခဲ့ကြတဲ့ပုံ ရှိတယ်။အဓိပ္ပာယ်ကတော့ ခေါင်းဆောင်ရှေ့သွား ဖြစ်သူလို့ ရမှာပါ။ ဘုရင်ဟာ သူတို့ရဲ့ ရှေ့သွားခေါင်းဆောင်ဆိုတော့ ဘုရင်ကို ဘုရား ခေါ်တာဟာ မသင့်မြတ်တာ မဟုတ်ဘူး။ ဘုရားဟာ ဘုရင်တွေရဲ့ ရှေ့သွားခေါင်းဆောင်ပင်ဖြစ်တာကြောင့် ဘုရားကိုလည်း ဘုရားလို့ပဲ ခေါ်တော့တာပေါ့။

ဒီဝေါဟာရဟာ ဟိန္ဒူတွေဆီကရကြတာထင်ပါတယ်။ ပုဂံကျောက်စာတွေထဲမှာ ဘုရားကို ဒီနေ့အသံနဲ့ ခေါ်တာ မဟုတ်ဘူး ။ ပုရှားလို့ခေါ်တယ်။ ပုရုရှက ပြောင်းလာတဲ့ စကား ဖြစ်တယ်။ ပုရှဟာ ပုရိသနှင့် အနက်တူသဒ္ဒါပဲ။ ပုရှက ဘုရားဖြစ်လာတယ်။ ဘုရားလက်ထက်က ဘုရားဝေါဟာရ ဘုရားလက်ထက်ကတော့ ဘုရားကို ရဟန်းတွေက သတ္ထာတို့ ဘဂ၀ါတို့နဲ့ ခေါ်ကြပုံရှိတယ်။ သာသနာပက ပုဂ္ဂိုလ်တွေကတော့ သမဏာဂေါတမလို့ခေါ်ကြတယ်။ ဒီနေ့ ကမ္ဘာအနှံ့ နှိင်ငံတကာကတော့ ဗုဒ္ဓတို့ သကျမုနိတို့ ခေါ်ကြတယ်လို့ သိရတယ်။

1 comment:

မူးစိ said...

ဘုရားဟာ သတ္တ၀ါတွေကို ချွတ်လွှတ်ဖို့ရန် ခွေးတွေ၊၀က်တွေ၊နွားတွေလည်း ဖြစ်ခဲ့ဖူးတယ်။ သူတောင်းစား၊ အလုပ်သမား၊ မင်း၊ အမတ်တွေအဖြစ် တပြောင်းတပြန် ပြုလုပ်နေသူ ဖြစ်တယ်။

ဘုရားဆိုတဲ့ ဗုဒ္ဓဂေါတမနဲ့.. ဘုရားမဖြစ်ခင် ဘုရားလောင်း ဘ၀နဲ့ကို.. မရောနှောဘဲနားလည်မယ်ဆိုရင် ပိုကောင်းမယ် ထင်ပါတယ်.. အခုတော့ အားလုံးကိုရောချနေသလိုဘဲ.. :P